Monday, October 18, 2010

သောကြာနေ့က ရထား

သောကြာနေ့က ရထား
ဘူတာတစ်ခု အ၀င်မှားခဲ့တယ်

အော်သံတွေ ဆူတဲ့ရထား
ဘူတာထဲမှာလဲ စကားတွေများနေတယ်

ရထားကြီး အရောင်ကတော့ အဖြူပါကွဲ့..
ချစ်သူနဲ့ တို့နဲ့တောင် ငေးကြည့်မိသေး
ဒါပေမယ့်

ရထားကြီးက ခက်တယ်
စက်သံလဲ မညက်ဘူး
ဝရူး ၀ရူး ဆိုတော့လေ
ခရီးသည်တွေကလဲ မလေးမစား
ရထားကြီးခမျာ ..မခန့်ငြားဘူးပေါ့..
ရထားကြီးက စကားများတယ်
ရထားကြီးက တော်ကီပွားတယ်
အဲဒီ့ရထားကြီးက မသိရင် မယားကြီး တစ်ယောက်နဲ့တူတယ်
ကပေါက်တိကပေါက်ချာ
တမူးရှူးထိုး
အဲ
တစ်လမ်းထဲပဲ ရိုးရိုးသွားတယ်

ဆိုးသွားတာကတော့

တောက်...
အဲဒီ့သောကြာနေ့က ရထား
သူ့ဘ၀မှာ ဘူတာတစ်ခု အ၀င်မှားခဲ့တယ်...။

Sunday, August 1, 2010

ကျွန်မ မတွေးခဲ့သော နောက်ဆက်တွဲများ

နောက်ဆက်တွဲများ

ကျွန်မက နောက်ဆက်တွဲ တွေကို သိပ်မတွေးတတ်သူပါ.။

ဘာလုပ်ရင် ဘာဖြစ်မလဲ..။

တကယ်တွေးရင်တောင် ဖြစ်နိုင်ချေ တစ်ခုလောက်ကိုပဲတွေးသည်။

ကျွန်မ ဘ၀မှာ အခက်အခဲပြဿနာက များပါသည်..။

ဒါပေမယ့် ကျွန်မ က ခပ်ရိုးရိုးပဲတွေးပြီး ခပ်ရှင်းရှင်းပဲ ရှင်းခဲ့ဖူးပါသည်.။

အချိန်တန်ရင် အဆင်ပြေသွားတွေလဲများပါသည်..။

အင်း လူမိုက်ကံကောင်း ..အဲသည်လိုပြောလျှင်လဲရမည်.။

ဒီတော့ နောက်ဆက်တွဲ ဆိုတာကိုတွေးရန် အချိန် သိပ်မလို..ဦးဏှောက်သိပ်သုံးရန်မလိုပါ.။

လွယ်တယ်နော်..။

လွယ်ခဲ့တယ်နော်..။

အဲလိုနဲ့ သူနဲ့ချစ်ခဲ့တာပေါ့..။

………………………………………………….



အနီကတ်..

အင်း ဘောလုံးပွဲတစ်ပွဲမှာ အနီကတ်အပြခံပြီး အထုတ်ခံရသူဖက်ကနေ ခံစားကြည့်ဖူးပါသလား..။

တစ်ချို့က ပြောမည်.။ အနီကတ်အပြခံရရှာတယ်.. သူသနားပါတယ်.။

တစ်ချို့ကပြောမည်.။ အထုတ်ခံရမှာပေါ့ ..သူက ကစားတာ ကြမ်းတာကိုး..။

ကာကယံရှင်ကစားသမားကရော ဘာတွေတွေးနေမလဲ..။

ဖြစ်နိုင်ချေ.(၁) သူကစားတာ ကြမ်းသွားတယ်လို့ လက်ခံနောင်တရမည်.။

ဖြစ်နိုင်ချေ (၂) သူကစားတာ ကြမ်းအောင် တစ်ဖက်အသင်းသားက မသိမသာ လာကလိတာကို ဘယ်သူမှ မသိလေခြင်းလို့တွေးပြီး အသဲယားနေမည်..။

ဖြစ်နိုင်ချေ (၃)ဒိုင်လူကြီး သက်သက်ညစ်တာ..ဘက်လိုက်တာ သူ့ကိုကျ အပြစ်ပေးပြီး တစ်ဖက်အသင်းသားကိုကျ လွှတ်ထားပေးသည်.လို့တွေးပြီး သူမကျေမချမ်းဖြစ်မည်.။

ဘာပဲဖြစ်ဖြစ် မိနစ်ကိုးဆယ်အတွင်းတော့ သူပြန်မ၀င်ရ.။


ကစားသမားလဲ ကစားနေချိန်မှာ နောက်ဆက်တွဲကို သိပ်တွေးအားမယ်မထင်ပါဘူး..။

သူ့ရဲ့အာရုံ၊ပွဲအခြေအနေ ၊ တစ်ဖက်လူအနေအထား..တွေကြောင့်ပေါ့.။


နောက်ဆက်တွဲတွေကို ဘယ်အချိန်မှာတွေးလဲ..

ကျွန်မကတော့ ဖြစ်စဉ်တစ်ခုလုံးကို အဝေးက ခွာကြည့်ပြီးမှပဲ ဒီလိုလုပ်ရင် ဒီလိုဖြစ်ကြောင်း နောက်ဆက်တွဲတွေကို မြင်တတ်ပါသည်.။အဲ့ဒီ့အချိန်ကျရင်တော့ ပြဿနာ အရင်းအမြစ်ကိုပါ ကံကောင်းစွာ ရှာတွေ့တတ်လိုက်သေးသည်.။

အခုတော့ ကျွန်မက နောက်ဆက်တွဲတွေကို သိပ်တွေးနေတတ်ပါပြီ။(သိပ်တွေးလေ့ရှိနေပြီလို့ပြောတာပါ)

တစ်ခါတစ်လေ ဘေးက လူတွေကတောင် သတိပေးယူရတယ်..။

ရူးသွားလိမ့်မယ်နော်…။

ဘာဖြစ်လို့လဲ..။

ကျွန်မသည် အနီကတ်ပြပြီး အထုတ်ခံရသူ လူတစ်ယောက်ရဲ့ ခံစားချက်ကို ကောင်းကောင်းသိသွားခဲ့လို့ဖြစ်ချင်လဲ ဖြစ်ပါမည်။

ကျွန်မ လုံးဝ လက်မခံချင်သော စကားတစ်ခွန်းတော့ ရှိသည်။

“ရှုံးထွက်”

ရှုံးရင်တော့ ထွက်ချင်ထွက်ရမည်..။

ထွက်လိုက်တိုင်း ရှုံးတယ်လို့တော့ ကျွန်မမထင်သေးပါ.။

ဘောလုံးပွဲကိုပဲ ဥပမာ ပြန်ထားရရင်

အထုတ်ခံရတဲ့ကစားသမားကနောက်တစ်ပွဲကျ ပြန်ကန်နေကြတာပဲ မဟုတ်လား..။

အသင်းဟောင်းနဲ့လဲ ပြန်တွေ့နိုင်သည်.။

အသင်းကောင်းနဲ့လဲ တဖန်တွေ့နိုင်ပါသည်.။

ဒါပေမယ့် အနီကတ်သည် ရန်စသူအတွက်မဟုတ်..။
သည်းခံမှုမရှိသူ.. ဒါမှမဟုတ် အခြေအနေတစ်ခုအရ ကျဉ်းထဲကျပ်ထဲရောက်နေလို့ ပြန်ပြီး လူချ လိုက်သူတစ်ယောက်အတွက်သာဖြစ်ပါသည် တဲ့..။

သိပ်တော့ မတရားသလိုပဲနော်....။
ကျွန်မလို စိတ်ဆတ်သူအတွက်တော့ အနီကတ်များသည် ရှေ့ခရီး၏ နေရာတိုင်းတွင်စောင့်ကြီုနေနိုင်ပါသေးသည်။

အဲလိုနဲ့ သူကထားခဲ့တာပေါ့..။

လူ့လောက မာယာ
မေမေ ကပြောတယ်.။
တောထဲမှာ ကျားကြီးတွေ ရှိတယ် တဲ့..။
ကျားကြီးတွေက ဘာလုပ်တတ်လဲမေမေ..။
ကိုက်စားတတ်တာပေါ့ကွယ်..
ဟင့်အင်း သမီးကြောက်တယ် တောကြီးထဲကိုမသွားဘူးနော်..။

မေမေပြောတဲ့ပုံပြင်ကိုနောက်ဆက်တွဲမစဉ်းစားမိတော့ ကျွန်မက သစ်ပင်တောအုပ်ထဲသာ မသွားတာ..။
ဘ၀တောနက်ထဲတော့ မလွဲမသွေခြေဆန့်ခဲ့ရပါသည်။
ကျားကြီးတစ်ကောင်နဲ့တွေ့တော့ နောက်ဆက်တွဲအဖြစ် ကျားပေါက်လေးတစ်ကောင်မွေးရပါဦးမည်..။
ဒါပေမယ့် ကျွန်မက အနီကတ်ပြခံထားရတဲ့ စွန့်ပစ်ခံကစားသမားလေ..။
ဒေါသကြီး စိတ်ဆတ်တတ်တာ အကြောင်းပြလို့ ခြေရာဖျောက်သွားသူ ချစ်သူ့ကိုယ်ပွား..ဒီသွေးသားလေးကို ဘယ်လိုအင်အားနဲ့ ကျွန်မပစ်ရက်ပါ့မလဲ.။
ဒီကလေးက သားသားလား မီးမီးလား..။
ဘာလေးပဲဖြစ်ဖြစ် ကျွန်မပေါ့တန်တန်ကြုံတွေ့ခဲ့ဖူးသော ဘ၀သင်ခန်းစာတွေ အကြောင်း ထိထိရောက်ရောက် သွန်သင်ခဲ့ရလိမ့်ဦးမယ်.။
သမီးလေး ဖြစ်နေခဲ့မည်ဆိုရင်တော့ နောက်ဆက်တွဲများကို တွေးတောတတ်ရုံသာမက တွက်ချက်တတ်သူ တစ်ယောက်ဖြစ်အောင် ကျွန်မ ပုံစံသွင်းခဲ့ရပါဦးမည်။


အဲလိုနဲ့ ကျွန်မ မှားယွင်းခဲ့တာပေါ့..။





Wednesday, June 30, 2010

ချစ်အဖြေလေး ပေးမယ်ဆို

ချင်းရိုးရာဓလေ့လေးတစ်ခုကို မေ တို့သိဖို့ လက်ဆင့်ကမ်းလိုက်တယ်နော်..
မိန်းကလေးတိုင်း အချိန်တန် အရွယ်ရောက်ရင် ချစ်ခွင့်ပန်ခံကြရမှာပါ..။
အဲလို ကြုံလာရင် ကိုယ့်ရင်ထဲက အခြေအနေကို နှုတ်နဲ့ဖွင့်ပြောဖို့များ ခက်ခဲနေမယ်ဆိုရင်ဖြစ်ဖြစ်၊ ကိုယ့်ချစ်သူယောင်္ကျားလေး ကို ဘယ်လောက်ဗဟုသုတရှိကြောင်း စမ်းသပ်ချင်ရင် ဖြစ်ဖြစ် ဒီနည်းလေးကို သုံးကြည့်ပေါ့..။
ချင်းရိုးရာမှာတော့ မိန်းကလေးတွေက ကောင်လေးတွေကိုပြန်အဖြေပေးတဲ့အခါ ဆေးလိပ်လေးတွေ ကမ်းကြပါတယ် တဲ့..။
(၁) ဆေးလိပ်မှာ အဖြူရောင်ကြိုးလေးနဲ့ နှစ်ပတ်ရစ်ပေးရင်..ရိုးရိုးသားသားခင်တာပါ
(၂) အဖြူရောင်ကြိုးနဲ့ တစ်ပတ်ရစ်ပေးတော့ ..မင်းငယ်သေးတယ် လက်မခံနိုင်ဘူး
(၃) အဖြူရောင်ကြိုးနဲ့ သုံးပတ်ရစ်ပေးတော့...ရှင့်မှာ မိန်းမ ရှိတယ် ရှင့်ကိုလက်မခံဘူး..။
(၄) အစိမ်းရောင်ကြိုးလေးနဲ့ ပတ်ပေးတော့..စိတ်ဝင်စားပါတယ်..တဲ့
(၅) အ၀ါရောင်ကြိုးလေး....လွမ်းဆွတ်နေတယ် .
(၆) အနီရောင်ကြိုးလေးနဲ့ ပေးရင်တော့ ..မုန်းတယ် ဆိုတာပါ..
(၇) အမည်းရောင်ကြိုး..ရှင်မချစ်လို့ စိတ်ညစ်နေတာပါ ဆိုပဲ
(၈) ပန်းရောင်ကြိုး ..ကျန်းမာရေးမကောင်းပါဘူးတဲ့
(၉) အပြာရောင်ကြိုး..တွေ့ချင်လို့လာခဲ့ပါ
(၁၀) ဆံပင်လေးနဲ့ချည်ထားရင်တော့ ..နှစ်ယောက်ထဲ တွေ့ချင်တယ် လို့ပြောတာပေါ့ရှင်
(၁၁) နှစ်လိပ်ပူးလေး ပေးလိုက်ရင် ..အတူနေချင်ပြီ လို့ပြောလိုက်တာပါပဲ
(၁၂)နှစ်လိပ်ပူးပြီးအခြားဆေးလိပ်တွေနဲ့ပေးလိုက်ရင်တော့..ကြိုက်သူတွေဝိုင်းဝိုင်းလည်နေပေမယ့် ကျွန်မ ရှင့်ကိုပဲ ချစ်ပါတယ် တဲ့ရှင်..။

(ကျွန်မလဲ ဖတ်ဖူးတာလေး ဝေမျှလိုက်တာပါ . ဗဟုသုတပေါ့လေ)

Sunday, June 27, 2010

တောင်ပံတွေနဲ့ပုံပြင်

အခုတလော...
တောင်ပံတွေအကြောင်းနဲ့တော်တော် တိုက်ဆိုင်နေတယ်..။နားထောင်လိုက်သမျှ သီချင်းတွေထဲမှာ ၊ဖတ်လက်စ ၀တ္ထုတွေထဲမှာ ..ပြောဖြစ်တဲ့ စကားတွေထဲမှာ ..တွေးနေတဲ့ အတွေးတွေထဲမှာ ..“တောင်ပံတွေ” ဆိုတဲ့ စကားလုံးတွေ ပါ ပါနေတာကို သတိထားမိလာတယ်..။

(၁)မျိုးကျော့မြိုင်ရဲ့ အတောင်ပံ
အတောင်ပံတွေကို လွှင့်လို့ရယ် ..
ဝေဟင်ပေါ်ကို ပြေးထွက်မယ်..
တောင်တွေကျော်တာ မိုးသားထဲ ..အိုး ...ကိုယ်လေရှာမယ် အတွေးညအလယ်..
အတောင်ပံတွေကို လွှင့်လို့ရယ်
ကိုယ်နေချင်တာ မင်းအနားပဲ
ကြယ်တွေစုံကာ ညရဲ့အလယ်...အိုး မမြင်နိုင်မှာကို စိုးမိတယ်...

တောင်ပံဆိုတာ ဆန္ဒ တစ်ခုလား...။
ဒါက ဒီသီချင်းထဲက တောင်ပံတွေရဲ့ အင်အား..။

(၂) ဂျူး ရဲ့အတောင်ပံတွေအကြောင်း

ဆရာမ ဂျူး ရဲ့ စောင့်နေမယ်လို့မပြောလိုက်ဘူး ဆိုတဲ့ ၀တ္ထုလေးကို မနေ့က စဖတ်မိပါတယ်။
ဝတ္ထုထဲမှာ လူငယ်တွေအတွက် ကြိုးစားလိုစိတ်နဲ့ အားအင်သတ္တိကို တောင်ပံတွေနဲ့ ခိုင်းနှိုင်းပြီး ရေးထားခဲ့ပါတယ်။(တကယ်တော့ ၀တ္ထု အသွားက ဒီထက်ပိုကျယ်ပြန့်ပါတယ်)

တစ်ခါတုန်းက မြစ်ကမ်းနံဘေးက မြို့သေးသေးလေးတစ်ခုမှာ မွေးဖွားလာတဲ့ကမ္ဘာကျော်စာရေးဆရာမကြီးတစ်ယောက်ရှိတယ်.။ကလေးဘ၀မှာတော့ မြစ်ဘေးမှာ သွားသွားထိုင်ရင်း အဝေးကြီးကိုသွားချင်စိတ်နဲ့ အိပ်မက်တွေအများကြီးမက်ခဲ့သူတွေပေါ့။သူက ပြောဖူးတယ်။

“ကျောင်းနေလို့ စာတွေဖတ်လာတဲ့အခါမှာတော့ ကျွန်မမှာ အတောင်ပံတွေပါလာခဲ့တယ်ဆိုတာ သိသွားပါတယ်တဲ့”
“အဝေးတစ်နေရာ ကိုယ်ရောက်နိုင်လိမ့်မယ်လို့မထင်ရဲတဲ့ အမြင့်တစ်နေရာကို ကျွန်မတို့ ရောက်အောင်သွားဖို့လိုအပ်တဲ့ဥာဏ်ပညာတွေလေ့လာတတ်မြောက်အောင် ကျွန်မတို့မှာ တွေးခေါ်မျှော်မြင်တတ်တဲ့ ဦးဏှောက်တွေပါလာပါတယ်”

တစ်ခန်းလုံး ငြိမ်သက်သွားတယ်။ကျွန်မကတော့ သင်ပုန်းကြီးပေါ်မှာ ရေးထားတဲ့ ကျွန်မ မနက်ဖန်မှာပျံသန်းနိုင်လိမ့်မယ် ဆိုတဲ့ စာကြောင်းကို ငေးပြီး ရင်ခုန်နေမိပါတယ်။

ဒါဖြင့် တောင်ပံဆိုတာ ဥာဏ်ပညာပေါ့.။
ဒါက ဒီဝတ္ထုထဲက တောင်ပံတွေရဲ့အဓိပ္ပါယ်..။

(၃) Westlife ရဲ့ Flying Without Wings
လူတိုင်းက တစ်စုံတစ်ခုကို ရှာဖွေတယ် ..အဲဒါက အရာအားလုံးကို ပြည့်စုံစေတာမျိုး..။
အထူးဆန်းဆုံးနေရာတိုင်းမှာ မင်းရှာဖွေတယ်..မဖြစ်နိုင်ဘူးလို့ထင်တဲ့နေရာတွေမှာ မင်းရှာတယ်..။
တစ်ချို့က သူတို့ရဲ့ကလေးလေးတွေ မျက်နှာပေါ်မှာ ရှာတယ်..တစ်ချို့က ချစ်သူ့မျက်ဝန်းတွေထဲမှာ ရှာတယ်..။
ဘယ်သူက ပျော်ရွှင်မှုကို သယ်ဆောင်လာတာကို ငြင်းနိုင်မှာလဲ..
အဲဒါဟာ တကယ်အရေးပါတဲ့ အရာတစ်ခု ဖြစ်နေမှန်းသိတဲ့အခါ..

မင်းက တောင်ပံမလိုပဲ ပျံသန်းနေတာပါ..။

တစ်ချို့က မနက်ခင်းတွေကို အတူ မျှဝေကြ..တစ်ချို့က တစ်ကိုယ်ရေတစ်ကိုယ်ယ အထီးကျန်နေကြရတယ်..။
တခြားသူဆိုတဲ့ ဝေါဟာရကို မင်းရှာကြည့်စမ်းပါ...။
မင်းကို ရယ်စေ ငိုစေမယ့် အရိုးရှင်းဆုံး လမ်းလား...အရင်းနှီးဆုံး ခင်မင်မှုဆိုတဲ့စကားလုံးကနေ မင်း ရှာကြည့်လိုက်ပါ။
မင်းရဲ့ချစ်မြတ်နိုးမှုဟာ မင်းဘ၀ပေါ့.။ ဒါ့အပြင် ဘယ်လောက် အဓိပ္ပါယ်အလေးနက်တယ် ဆိုတာပါ မင်းသိလိမ့်မယ်။ထူးခြားတာကို တွေ့ပြီလား ..။


မင်းက တောင်ပံမလိုပဲ ပျံသန်းနေတာပါ..။

ဒီတော့ မဖြစ်နိုင်ဘူး ထင်တာတွေနဲ့ မင်းကတော့ မင်းအိပ်မက်တွေအတွက် တိုက်ခိုက်ခဲ့တယ်.။
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူသိမှာလဲ ..ဘယ်အရာက မင်းကိုပြည့်စုံစေတယ် ဆိုတာ..။


ငါ့အတွက်ကတော့..

မင်းမျက်နှာပေါ်မှာ နံနက်ခင်း နေရောင်ခြည်ကျနေတာကိုကြည့်ဖို့
မင်းကို ဘယ်လောက်ချစ်ကြောင်း ငါပြောနိုင်တယ်ဆိုတာသိဖို့
မင်းဘေးနားကနေ နိုးထလာရခြင်းပါ
ဘယ်နေရာ ဘယ်အချိန်မှာမဆို ငါသိတာနည်းနည်းလေးတော့ရှိတယ်..။
အဲဒါက မင်းကို ဘယ်လို ပိုင်ဆိုင်အောင် လုပ်ရမလဲ ဆိုတာ

ဒါကလဲ တောင်ပံမပါပဲ ပျံသန်းနေတာပါပဲ..။
ဘာဖြစ်လို့လဲဆိုတော့ မင်းက ငါ့အတွက် အဖိုးတန် အရေးပါတဲ့ အရာ မို့လို့ပါ။
တောင်ပံမပါပဲ ငါပျံသန်းနေတယ်..။

မင်းဟာ ငါ့ဘ၀ရဲ့ အစ ..့ပြီးတော့ငါ့ဘ၀ရဲ့အဆုံး .
တောင်ပံမပါပဲ ငါပျံသန်းနေတယ်..။

့ပြီးတော့ ပျော်ရွှင်ခြင်းတွေကို မင်းသယ်လာတယ်။
တောင်ပံမပါပဲ ငါပျံသန်းနေတယ်..။

သူရဲ့ ပျံသန်းနိုင်စွမ်းက သူ့ချစ်သူဆီက ရတယ်တဲ့..
သူ့အတွက်တော့ တောင်ပံဆိုတာ အချစ်ပေါ့..။
ဒါက Westlife ကပြောတဲ့ တောင်ပံတွေနဲ့တူတဲ့အချစ်အကြောင်း..။

(၄) လွန်းထားထားရဲ့ အတောင်ပံ

ခုလေးတင် လွန်းထားထား ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ဖတ်မိပါတယ်။
ဇာတ်လမ်းက ရိုးရိုးလေးပါ.။ကိုယ့်အပေါ်အလွန်ချစ်ယောင်ပြတတ်သော ခင်ပွန်း၏သစ္စာတရားကို စမ်းသပ်ချင်စိတ်နဲ့ တခြားမိန်းမ အယောင်ဆောင်ကာ သိမ်းသွင်းကြည့်တဲ့ အကြောင်းလေး ဖြစ်ပါတယ်။
ဇာတ်လမ်းလေးကို ဖတ်ကြည့်ရင်း ကျွန်မ ရယ်မိပြုံးမိသေးတယ်။
ဩော် အတောင်ပံဆိုတာ ယောင်္ကျားတွေမှာလဲ ရှိတာပဲပေါ့..။
ဒါပေမယ့် သူတို့ရဲ့ အတောင်ပံဆိုတာက ...တစ်မျိုး..။

သူက မေ့ခေါင်းကို ဖွဖွသပ်ရင်း ချော့မော့နှစ်သိမ့်ကာ မိုးပြာရောင်ရှပ်အကျီ င်္နှင့် ဂျင်းဘောင်းညီနက်ပြာစိုစို ကိုဝတ်ကာ..ဂျဲလ်ဖြင့်ခေါင်းကိုနက်မှောင်ပြောင်လက်နေအောင်ဖီးကာ ထွက်သွားလေသည်။
မေသည် အလိမ်ခံရသည်ကို အသဲဆတ်ဆတ်ခါအောင် နာကျည်းလာလေသည်။တကယ်တော့ မေ မှားခဲ့ခြင်းဖြစ်သည်။ယောင်္ကျားတစ်ယောက်ဆီက သစ္စာရှိမှုနဲ့အချစ်တွေကို မေလောဘတကြီးမျှော်လင့်မိသည်ကိုက မေ့အမှားဖြစ်သည်။ သူထွက်သွားပြီးမကြာခင်မှာ မေသည် မိုးပြာရောင် ၀မ်းဆက်ဝတ်စုံကလေးကို ၀တ်လျှက် လက်ထဲမှာ နှင်းဆီဖြူတစ်ပွင့်ကိုင်လျှက် သမ္မတရုံရှေ့သို့ တက္ကစီနဲ့ ထွက်ခဲ့လေသည်။

မေ့ကိုမြင်သောအခါ ဖြစ်ပျက်သွားမည့် သူရဲ့မျက်နှာကို မေမြင်စမ်းချင်လှသည်။ယောင်္ကျားဆိုတာမျိုးဟာ အတောင်ပံတွေသာ ရှိခဲ့ရင် မိုးအဆုံးမြေအဆုံး ပျံချင်တိုင်းပျံသန်းကြမယ့်သူတွေချည်းပါပဲလေ။

ဒါကတော့ သစ္စာဖောက်ချင်စိတ်ကိုပြောတာပေါ့လေ.။
ဒါက လွန်းထားထားပြောတဲ့ တောင်ပံတွေရဲ့ ဖောက်ပြန်မှု..။

ကဲ ဘယ်လိုပဲပြောပြော “တောင်ပံ” ဆိုတဲ့စကားကို ကျွန်မကတော့ အနှစ်ချုပ်ပြီး အဓိပ္ပါယ်ဖော်လိုက်တဲ့အခါ..
တောင်ပံဆိုတာ ကိုယ့်စိတ်အင်အား ပါပဲ...။
ပြင်းထန်ရင် ပြင်းထန်သလို အားအင်ပေးပြီး ပျံသန်းစေနိုင်တယ်..။
ချစ်သူဆီကို ပြေးသွားချင်တဲ့ စိတ်အင်အားတွေ သိပ်ကြီးလာမလား..ဒါကလဲ တောင်ပံတစ်ခုပါ.။
တိုးတက်မြင့်မားရာတွေဆီ သွားကြမလား... ဥာဏ်ပညာကို အတောင်ပံလိုတပ်ပြီး ပျံသန်းကြမယ်လေ.။
အချစ်ကို နက်နက်နဲနဲ ထိမိ ခံစားမိသွားရင်လဲ တောင်ပံတွေလို အားအင်တစ်ခုရမှာပဲ..။
ဒါမှမဟုတ် မကောင်းမှုတစ်ခုခုကိုလုပ်ချင်စိတ်က သိပ်ကြီးနေရင်လဲ..အဆင်းဘီးတပ်ပြေးလိုက်သလို ဖြစ်ပြီး တောင်ပံတွေ ရရင် ရမှာပေါ့..

ဘာပဲ ဖြစ်ဖြစ်
ကျွန်မကတော့ တောင်ပံတစ်ခုခု လိုချင်ပါတယ်...။

ဟိုး အမြင့်အထိပျံသန်းဖို့.......

အချစ် မဟုတ်ရင်လဲနေပါ..
ဥာဏ်ပညာဖြစ်ရင်လဲ ရပါတယ်..

Saturday, June 26, 2010

ကျွန်မရဲ့ပြကွက်များ ရှိရာ ပြတိုက်

မင်္ဂလာပါ။
(၁) ကျွန်မရဲ့ပြတိုက်

ကျွန်မရဲ့ ကိုယ်ထူကိုယ်ထ ပြတိုက်လေးထဲကို ၀င်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးအရမ်းတင်ပါတယ်ရှင်။

ကျွန်မ ရဲ့ ပြတိုက်မှာ ဘာမဆို အကုန်သိမ်းထားပါတယ်..။

အဆိုးအကောင်း .အကျိုးအကြောင်း
အမှတ်တရတွေလား ဒဏ်ရာလား.။
ရယ်သံတွေလား ..မျက်ရည်လား..။
ရွှေဖလားလား ..သံပြားလား..။
အလံတစ်ခုလား ..ဖိနပ်တစ်ရံလား..။

ဘယ်သူတွေ ဘာတွေ လာထားသွားကြမလဲ..။ကျွန်မသေသေချာချာနဲ့တခုတ်တရသိမ်းထားပါတယ်။
ဒုက္ခ ဖြစ်ဖြစ် သုခဖြစ်ဖြစ် ကျွန်မ လွှင့်မပစ်ပါဘူး ..။

ပြတိုက်တစ်ခုထဲမှာ လုံခြုံစွာ သိမ်းထားချင်တာ ကျွန်မစိတ်ကူးနဲ့ဆန္ဒပါ။

ပြီးရင်တော့ အဲဒီ့သိမ်းဆည်းထားတဲ့ အရာအားလုံးကို လှပတဲ့ ပြကွက်လေးများအဖြစ် အသွင်ပြောင်းပြီး
ပြတိုက်ထဲကို လာလည်သူတွေအတွက် တစ်စုံတစ်ရာ...ဥပမာ.. ခံစားမှုရသ တစ်ခုခု၊ အတွေးတစ်ချက်၊ စိတ်အင်အားတစ်ကွက်လောက်ပေးနိုင်ခဲ့ရင် ကျွန်မလက်ခံသိမ်းထားရကျိုးနပ်ပါတယ်..။ကျွန်မကျေနပ်ပါတယ်။
အဲဒါက ကျွန်မစေတနာပါ.။

ကျွန်မရဲ့ပြတိုက်ထဲမှာ လွှင့်ပစ်ချင်စရာကောင်းလောက်တဲ့အမှိုက် တစ်ခုမှ မရှိပါဘူး.။
အမှိုက်တွေကို ရွှေ အဖြစ်ပြောင်းပြီး ကျွန်မစာကောင်းကောင်းလေးတွေရေးချင်ပါတယ်..။


(၂) ပြတိုက်စောင့် ကျွန်မ(သို့) ပြကွက်ခင်းကျင်းသူ

ကျွန်မ မြရေလျဉ် ဆိုတဲ့ နာမည်လေးကိုလဲ မစွန့်လွှတ်နိုင်ပါဘူး..။
စွန့်လွှတ်မယ် လို့ အကြိမ်ကြိမ်တွေးဖူးပါတယ်..။
ဒါပေမယ့် ဒီနာမည်ကိုပဲ ကျွန်မချစ်တယ်..။

ကျွန်မနာမည်လေးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ ပြောင်းလဲသွားခဲ့ပါပြီ။
အရင် ကျွန်မ ဘလော့အဟောင်းလေးမှာ ရေးထားသလို ..စိမ်းမြတဲ့ရေအလျဉ် မဟုတ်တော့ပါဘူး..။

ကျွန်မက ချွန်မြရှတသော
ကျွန်မစီးဆင်းသွားရမယ့် မြစ်ရိုးတလျှောက်မှာ တွေ့ရမယ့် ကမ်းပါးတွေပေါ်မူတည်ပြီးတခါတရံ နူးညံ့၊တခါတရံ ကြမ်းတမ်းတတ်သော...
ကိုယ့်အရှိန်ကိုကိုယ် ပါးနပ်စွာ ထိန်းသိမ်းတတ်သော..
ရေလျဉ်တစ်ခု ဖြစ်ချင်ပါတယ်..။

(ဒါပေမယ့် ကျွန်မရဲ့ စီးဆင်းမှုကြောင့် ဘယ်ကမ်းပါးကိုမှ မတိုက်စားချင်ပါ..။)

ဒီပြတိုက်လေးမှာ ကျွန်မနေပါတယ်..။
ဒီပြတိုက်လေး ပဲ ကျွန်မစိတ်ထဲမှာ ရှိနေတယ်။
ဒီပြတိုက်လေးကို ဆထက်တံပိုးတိုးပြီး မွမ်းမံချင်ပါတယ်..။
ပြတိုက်ထဲကနေ ကျွန်မ အပြင်ခဏထွက်သွားတဲ့အခါ..တွေ့ချင်ရင်..
myayayhlyin@gmail.com ကနေခေါ်လိုက်ပါ.။


မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါသည်။
သင်တို့၏ Gmail များပေးရန်မလိုပါ။

Saturday, June 19, 2010

ချစ်သူ ရဲ့ အိမ်

ချစ်သူရဲ့အိမ်ကို သွားမယ်ဆိုရင် ချစ်သူရဲ့ စက်ဘီးလေးကို စီးသွားရတတ်ပါသည်။
ဘတ်စ်ကား စီးမယ်ဆိုရင် လမ်းဆုံကနေနှစ်မှတ်တိုင်စာ စီးရမှာပါ။
ဒါပေမယ့် ကျွန်မကတော့ ချစ်သူရဲ့ ဘီးကလေးကိုပဲ စီးချင်တာမို့ချစ်သူကလဲ အလိုလိုက်ကာ အမြဲလိုလိုလာကြိုလေ့ရှိပါသည်။

ချစ်သူရဲ့အိမ်ကို သွားတဲ့လမ်းမှာ အအေးဆိုင်လေး ရှိသည်။
အော်ကွေ့ကြည်ဆိုင်ရှိသည်။
"ထောပတ်သီးဖျော်ရည်သောက်မလား..အော်ကွေ့ကြည်စားမလား.."
သူအမြဲမေးနေကျမေးခွန်းလေး...။

သူ့အိမ်နားမှာ ရထားသံလမ်းလေးရှိသည်။ ကုန်းကျော်တံတားတစ်ခု ရှိသည်။ပျံကျဈေးတန်းလေးရှိသည်။ အထက်တန်းကျောင်းတစ်ကျောင်းရှိသည်။အရက်ဆိုင်လဲရှိသည်။
နောက် ရေခဲစက်တစ်ခု ရှိသည်။
နောက်ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသည်။
သူ့အိမ်ကို လမ်းဆုံကနေ ဆိုက်ကားနဲ့သွားမယ်ဆိုရင် ၃၀၀ လောက်တော့ပေးရပါသည်။
(အဲဒါ သူ့အိမ်ကို ကျွန်မတိုင်းတာသည့် ခရီးအကွာအဝေးတိုင်းတာချက်ဖြစ်သည်။)

အမြဲတမ်း ခေတ်ဆန်ဆန် ၀တ်စားနေထိုင်တတ်သည့် ကျွန်မက အရက်ဆိုင်တွေကြား.. ပျံကျဈေးနား ကုန်းတံတားအောက်ကနေ ဖြတ်ပြီး သူ့ဆီလာရတာကို သူကျေနပ်ပုံမရပေမယ့် ကျွန်မ ကိုဘာမှ မချုပ်ချယ်ပဲ သူကချည်းလာကြိုလေ့ရှိပါသည်။
"ဒီပုံစံနဲ့ နွေနွေတစ်ယောက်ထဲ မလာပါနဲ့..ကိုယ်လာကြိုပါ့မယ်.."
လို့ပဲ သူပြောလေ့ရှိပါသည်။

ချစ်သူအိမ်ကိုအသွား လမ်းမှာ ချိုင့်ခွက်တွေကို သူ့ဘီးလေး နင်းမိတိုင်း သူ့နောက်ကျောကို ယောင်ယမ်းပြီးဖက်လိုက်မိတဲ့အခါဖြစ်ရတဲ့ရှက်ကိုးရှက်ကန်း ကြည်နူးမှုကလဲ ဘာနဲ့မှကိုမတူပါဘူး။

ချစ်သူ့အိမ်မှာတော့ သူ့မေမေရှိသည်။
သူ့ညီလေး နှစ်ယောက်ရှိသည်။
သူ့ဖေဖေကတော့ အိမ်အလုပ်တွေ အမြဲပဲရှုပ်နေတတ်ပါသည်။


ကျွန်မရောက်သွားရင် ဘာစကားမှ သိပ်မပြောဖြစ်ကြပေမယ့် သူ့ဖေဖေက ထမင်းဟင်းတွေပိုချက်ထားလေ့ရှိပြီှး သူ့မေမေကတော့ ကျွန်မတို့ စာကျက်နေချိန်ဆို သူ့ညီလေးတွေကို တိတ်တဆိတ်နေရန်ပြောသံကိုကြားရလေ့ရှိပါသည်။

သူ့မေမေက သားတွေကိုတော်တော်ချစ်ပုံလဲရသည်။စည်းစနစ်လဲကြီးသည်။
သောကြာနေ့က သူကျောင်းကိုဝတ်လာသော ရှပ်အကျီ င်္ကို စနေနေ့တွင် သန့်ရှင်းဖြူဖွေးစွာလျှော်ဖွပ် မီးပူတိုက်ထားပြီးသား ဖြစ်နေတာကိုတွေ့ရသည်။
"သားတွေကို အ၀တ်လျှော် မီးပူတိုက် အန်တီက အကုန်သင်ပေးထားတယ်..ခိုင်းချင်လို့မဟုတ်ပါဘူး နေတတ်စေချင်လို့ပါ.."
သူ့မေမေပြောတာ တကယ်ပါ။သူမကိုယ်တိုင်ပဲ လျှော်ဖွပ်မီးပူတိုက်ပါသည်။ဒါပေမယ့် သူတို့ ညီအစ်ကိုတွေကလဲ အသန့်ကြိုက်ကာ သပ်ရပ်စွာနေတတ်ကြပါသည်..။နောက်ပြီး သူ့စိတ်ဓါတ်ကောင်းလေးတစ်ချို့က သူ့မေမေ၏ဆုံးမမှုအရိပ်တွေဖြစ်ကြောင်းသိလာတဲ့အခါ
ဲ ချစ်သူရဲ့မေမေက တော်လိုက်တာ လို့ လဲ ကျွန်မတွေးတောကျေနပ်မိပြန်သေးသည်။

ချစ်သူရဲ့အိမ်အပေါ်ထပ်က စာကြည့်စားပွဲလေး ဘေးမှာ ဂစ်တာလေး ထောင်လျှက်သား တွေ့ရင်တော့ ကျွန်မစိတ်ကောက်ပါသည်။
"စာမကျက်ဘူးလား စာမေးပွဲနီးနေတာကို"
သူက ပြုံးစိစိနှင့် Relax လေ လို့ပြောလိုက်ရင် ကျွန်မ စိတ်ဆက်မကောက်တော့ပါ။
သူက ဘယ်အချိန်မှာ ဘာလုပ်သင့်လဲ ကျွန်မ ပြောစရာမလိုပဲ သိသူပဲ..။ထပ်စိတ်ကောက်ရန်မလိုပါ။

ချစ်သူက တစ်ခါတစ်လေ ကျောင်းမှာ အတန်းလစ်ပြီး ခြင်းခတ်ချင်ခတ်နေတတ်သည်။
ရုပ်ရှင်သွားကြည့်ရန် ကျွန်မကိုအဖော်ညှိချင်ညှိမည်။
ကျူရှင်မှာ ဆရာမ မလာခင် ဖဲရိုက်ချင်ရိုက်မည်။
တစ်ခါတစ်လေ ဆို ဘုရားကြီးနားမှာ ထန်းရည်တောင်သွားသောက်တတ်သေးသည်။
သူငယ်ချင်းတစ်ယောက်ယောက်မွေးနေ့မှာ အပြင်ထွက်လည်ဖို့မပျက်ကွက်တတ်သူ။

ဒါပေမယ့် ကျောင်းစာနဲ့ပတ်သက်ရင်တော့ဘယ်တုန်းကမှ မလစ်ဟင်းခဲ့တာလဲ သူပါပဲ။
ဆရာဆရာမတွေကို ကွယ်ရာက တစ်ခါတစ်ရံဟာသလုပ်နောက်ပြောင်တတ်ပေမယ့် စိတ်ထဲမှာတော့တကယ်လေးစားတတ်သူ..။
စိတ်တိုစိတ်ဆတ်တတ်ပြီး သူများကို ဘုဂလန့်ပြန်ပြောချင်ပြောတတ်ပေမယ့် အငြိုးအတေးမထားတတ်သူ..။

ကျွန်မ က ချစ်သူရဲ့ အကြောင်းကို ကောင်းကောင်းသိတာပေါ့။

ချစ်သူရဲ့အိမ်ကို ကျွန်မ မကြာခဏရောက်ပါသည်။
အလှူအတန်းတွေမှာလဲရောက်ဖူးသည်။
သာရေး ရော နာရေးပါ ကြုံဖူးသည်။
သူပဉ္စင်းတက်ချိန်မှာလဲ ကျွန်မ ဆွမ်းသွားကပ်ဖူးသည်။
သူ့အိမ်ဝရန်တာလေးမှာ စာကျက်ဖူးသည်။
သူ့အိမ်က ဂိမ်းဆိုင်လေးမှာ သူနဲ့တူတူ ဆိုင်ထိုင်ဖူးသည်။
သူ့အိမ်ရှေ့က သစ်ပင်တန်းလေးတွေနားမှာ သူနဲ့တူတူ လေတံခွန် လွှတ်ဖူးသေးသည်။
သူ့အိမ်မှာ သူတီးနေကျဂစ်တာသံလေးကို ကျွန်မ ခဏခဏ နားဆင်ဖူးသည်။
သူ့အိမ်ကိုလာတဲ့ သူဆွေမျိုးတွေကလဲ ကျွန်မကိုသူ့ချစ်သူမှန်းသိကြပြန်သေးသည်..။

တစ်ခါကဆို ချစ်သူရဲ့မေမေ နဲ့အတူ ရုပ်ရှင်ဗီဒီယိုဇာတ်လမ်းလေး တစ်ခုတောင် တူတူ ထိုင်ကြည့်ခဲ့ဖူးပါသည်။


ကျွန်မတို့ချင်း အင်မတန်ချစ်ခင်ရင်းနှင်္ီးခဲ့ကြောင်း ချစ်သူရဲ့အိမ်ကို မရောက်တာ နှစ်တွေကြာလာလေ ကျွန်မသိလေလေ...။
ချစ်သူရဲ့အိမ်ကလေးတော့ ခုအချိန်အထိ.ရန်ကုန်မြို့က.သမိုင်းလမ်းဆုံ ကုန်းကျော်တံတားဘေးနားလေးမှာ ခေါင်မိုးပြာပြာလေးနဲ့ ရှိနေမှာပေါ့။
ကျွန်မ လမ်းကြုံလို့ဝင်နှုတ်ဆက်တဲ့အခါ ..
ချစ်သူရဲ့မေမေက တံခါးလာဖွင့်ပေးမှာလား..။
ချစ်သူရဲ့ ဇနီးက တံခါး လာဖွင့်ပေးမှာလား..

သေချာမသိသေးသမျှ ချစ်သူရဲ့ အိမ်ကို ကျွန်မမသွားသေးပါ..။