Monday, September 26, 2011

မရေရာခြင်း


 အလင်းမဲ့  မှိုင်းပျမှုန်သီ....။


နားလည်မှုမှာ နရီတစ်ခုရှိတယ်.
 ကိုယ့်နရီ ကို ကိုယ်နားလည်ပါတယ်..အချစ်ရယ်..။

မေတ္တာဖွဲ့ကို သွန်းသီ.
ဘက်ညီတဲ့ ဟာမိုနီ ကိုတမြတ်တနိုး..
ချစ်ခြင်းကို အမြဲရိုကျိုးနေတဲ့ မွေးရာပါ စိတ်တစ်ခုနဲ့..။

တိမ်ရယ်..
စိတ်ကူးရယ်

လေရယ်
မျှော်လင့်မှုရယ်

သူ့ကတိတစ်လုံးနဲ့..သေတစ်ပန်သက်တစ်ဆုံး ငါ့အနာဂတ်ရယ်

တန်ဖိုးထပ်တူကျခဲ့ရတယ်...။

Monday, October 18, 2010

သောကြာနေ့က ရထား

သောကြာနေ့က ရထား
ဘူတာတစ်ခု အ၀င်မှားခဲ့တယ်

အော်သံတွေ ဆူတဲ့ရထား
ဘူတာထဲမှာလဲ စကားတွေများနေတယ်

ရထားကြီး အရောင်ကတော့ အဖြူပါကွဲ့..
ချစ်သူနဲ့ တို့နဲ့တောင် ငေးကြည့်မိသေး
ဒါပေမယ့်

ရထားကြီးက ခက်တယ်
စက်သံလဲ မညက်ဘူး
ဝရူး ၀ရူး ဆိုတော့လေ
ခရီးသည်တွေကလဲ မလေးမစား
ရထားကြီးခမျာ ..မခန့်ငြားဘူးပေါ့..
ရထားကြီးက စကားများတယ်
ရထားကြီးက တော်ကီပွားတယ်
အဲဒီ့ရထားကြီးက မသိရင် မယားကြီး တစ်ယောက်နဲ့တူတယ်
ကပေါက်တိကပေါက်ချာ
တမူးရှူးထိုး
အဲ
တစ်လမ်းထဲပဲ ရိုးရိုးသွားတယ်

ဆိုးသွားတာကတော့

တောက်...
အဲဒီ့သောကြာနေ့က ရထား
သူ့ဘ၀မှာ ဘူတာတစ်ခု အ၀င်မှားခဲ့တယ်...။

Sunday, August 1, 2010

ကျွန်မ မတွေးခဲ့သော နောက်ဆက်တွဲများ

နောက်ဆက်တွဲများ

ကျွန်မက နောက်ဆက်တွဲ တွေကို သိပ်မတွေးတတ်သူပါ.။

ဘာလုပ်ရင် ဘာဖြစ်မလဲ..။

တကယ်တွေးရင်တောင် ဖြစ်နိုင်ချေ တစ်ခုလောက်ကိုပဲတွေးသည်။

ကျွန်မ ဘ၀မှာ အခက်အခဲပြဿနာက များပါသည်..။

ဒါပေမယ့် ကျွန်မ က ခပ်ရိုးရိုးပဲတွေးပြီး ခပ်ရှင်းရှင်းပဲ ရှင်းခဲ့ဖူးပါသည်.။

အချိန်တန်ရင် အဆင်ပြေသွားတွေလဲများပါသည်..။

အင်း လူမိုက်ကံကောင်း ..အဲသည်လိုပြောလျှင်လဲရမည်.။

ဒီတော့ နောက်ဆက်တွဲ ဆိုတာကိုတွေးရန် အချိန် သိပ်မလို..ဦးဏှောက်သိပ်သုံးရန်မလိုပါ.။

လွယ်တယ်နော်..။

လွယ်ခဲ့တယ်နော်..။

အဲလိုနဲ့ သူနဲ့ချစ်ခဲ့တာပေါ့..။

………………………………………………….



အနီကတ်..

အင်း ဘောလုံးပွဲတစ်ပွဲမှာ အနီကတ်အပြခံပြီး အထုတ်ခံရသူဖက်ကနေ ခံစားကြည့်ဖူးပါသလား..။

တစ်ချို့က ပြောမည်.။ အနီကတ်အပြခံရရှာတယ်.. သူသနားပါတယ်.။

တစ်ချို့ကပြောမည်.။ အထုတ်ခံရမှာပေါ့ ..သူက ကစားတာ ကြမ်းတာကိုး..။

ကာကယံရှင်ကစားသမားကရော ဘာတွေတွေးနေမလဲ..။

ဖြစ်နိုင်ချေ.(၁) သူကစားတာ ကြမ်းသွားတယ်လို့ လက်ခံနောင်တရမည်.။

ဖြစ်နိုင်ချေ (၂) သူကစားတာ ကြမ်းအောင် တစ်ဖက်အသင်းသားက မသိမသာ လာကလိတာကို ဘယ်သူမှ မသိလေခြင်းလို့တွေးပြီး အသဲယားနေမည်..။

ဖြစ်နိုင်ချေ (၃)ဒိုင်လူကြီး သက်သက်ညစ်တာ..ဘက်လိုက်တာ သူ့ကိုကျ အပြစ်ပေးပြီး တစ်ဖက်အသင်းသားကိုကျ လွှတ်ထားပေးသည်.လို့တွေးပြီး သူမကျေမချမ်းဖြစ်မည်.။

ဘာပဲဖြစ်ဖြစ် မိနစ်ကိုးဆယ်အတွင်းတော့ သူပြန်မ၀င်ရ.။


ကစားသမားလဲ ကစားနေချိန်မှာ နောက်ဆက်တွဲကို သိပ်တွေးအားမယ်မထင်ပါဘူး..။

သူ့ရဲ့အာရုံ၊ပွဲအခြေအနေ ၊ တစ်ဖက်လူအနေအထား..တွေကြောင့်ပေါ့.။


နောက်ဆက်တွဲတွေကို ဘယ်အချိန်မှာတွေးလဲ..

ကျွန်မကတော့ ဖြစ်စဉ်တစ်ခုလုံးကို အဝေးက ခွာကြည့်ပြီးမှပဲ ဒီလိုလုပ်ရင် ဒီလိုဖြစ်ကြောင်း နောက်ဆက်တွဲတွေကို မြင်တတ်ပါသည်.။အဲ့ဒီ့အချိန်ကျရင်တော့ ပြဿနာ အရင်းအမြစ်ကိုပါ ကံကောင်းစွာ ရှာတွေ့တတ်လိုက်သေးသည်.။

အခုတော့ ကျွန်မက နောက်ဆက်တွဲတွေကို သိပ်တွေးနေတတ်ပါပြီ။(သိပ်တွေးလေ့ရှိနေပြီလို့ပြောတာပါ)

တစ်ခါတစ်လေ ဘေးက လူတွေကတောင် သတိပေးယူရတယ်..။

ရူးသွားလိမ့်မယ်နော်…။

ဘာဖြစ်လို့လဲ..။

ကျွန်မသည် အနီကတ်ပြပြီး အထုတ်ခံရသူ လူတစ်ယောက်ရဲ့ ခံစားချက်ကို ကောင်းကောင်းသိသွားခဲ့လို့ဖြစ်ချင်လဲ ဖြစ်ပါမည်။

ကျွန်မ လုံးဝ လက်မခံချင်သော စကားတစ်ခွန်းတော့ ရှိသည်။

“ရှုံးထွက်”

ရှုံးရင်တော့ ထွက်ချင်ထွက်ရမည်..။

ထွက်လိုက်တိုင်း ရှုံးတယ်လို့တော့ ကျွန်မမထင်သေးပါ.။

ဘောလုံးပွဲကိုပဲ ဥပမာ ပြန်ထားရရင်

အထုတ်ခံရတဲ့ကစားသမားကနောက်တစ်ပွဲကျ ပြန်ကန်နေကြတာပဲ မဟုတ်လား..။

အသင်းဟောင်းနဲ့လဲ ပြန်တွေ့နိုင်သည်.။

အသင်းကောင်းနဲ့လဲ တဖန်တွေ့နိုင်ပါသည်.။

ဒါပေမယ့် အနီကတ်သည် ရန်စသူအတွက်မဟုတ်..။
သည်းခံမှုမရှိသူ.. ဒါမှမဟုတ် အခြေအနေတစ်ခုအရ ကျဉ်းထဲကျပ်ထဲရောက်နေလို့ ပြန်ပြီး လူချ လိုက်သူတစ်ယောက်အတွက်သာဖြစ်ပါသည် တဲ့..။

သိပ်တော့ မတရားသလိုပဲနော်....။
ကျွန်မလို စိတ်ဆတ်သူအတွက်တော့ အနီကတ်များသည် ရှေ့ခရီး၏ နေရာတိုင်းတွင်စောင့်ကြီုနေနိုင်ပါသေးသည်။

အဲလိုနဲ့ သူကထားခဲ့တာပေါ့..။

လူ့လောက မာယာ
မေမေ ကပြောတယ်.။
တောထဲမှာ ကျားကြီးတွေ ရှိတယ် တဲ့..။
ကျားကြီးတွေက ဘာလုပ်တတ်လဲမေမေ..။
ကိုက်စားတတ်တာပေါ့ကွယ်..
ဟင့်အင်း သမီးကြောက်တယ် တောကြီးထဲကိုမသွားဘူးနော်..။

မေမေပြောတဲ့ပုံပြင်ကိုနောက်ဆက်တွဲမစဉ်းစားမိတော့ ကျွန်မက သစ်ပင်တောအုပ်ထဲသာ မသွားတာ..။
ဘ၀တောနက်ထဲတော့ မလွဲမသွေခြေဆန့်ခဲ့ရပါသည်။
ကျားကြီးတစ်ကောင်နဲ့တွေ့တော့ နောက်ဆက်တွဲအဖြစ် ကျားပေါက်လေးတစ်ကောင်မွေးရပါဦးမည်..။
ဒါပေမယ့် ကျွန်မက အနီကတ်ပြခံထားရတဲ့ စွန့်ပစ်ခံကစားသမားလေ..။
ဒေါသကြီး စိတ်ဆတ်တတ်တာ အကြောင်းပြလို့ ခြေရာဖျောက်သွားသူ ချစ်သူ့ကိုယ်ပွား..ဒီသွေးသားလေးကို ဘယ်လိုအင်အားနဲ့ ကျွန်မပစ်ရက်ပါ့မလဲ.။
ဒီကလေးက သားသားလား မီးမီးလား..။
ဘာလေးပဲဖြစ်ဖြစ် ကျွန်မပေါ့တန်တန်ကြုံတွေ့ခဲ့ဖူးသော ဘ၀သင်ခန်းစာတွေ အကြောင်း ထိထိရောက်ရောက် သွန်သင်ခဲ့ရလိမ့်ဦးမယ်.။
သမီးလေး ဖြစ်နေခဲ့မည်ဆိုရင်တော့ နောက်ဆက်တွဲများကို တွေးတောတတ်ရုံသာမက တွက်ချက်တတ်သူ တစ်ယောက်ဖြစ်အောင် ကျွန်မ ပုံစံသွင်းခဲ့ရပါဦးမည်။


အဲလိုနဲ့ ကျွန်မ မှားယွင်းခဲ့တာပေါ့..။