Saturday, June 19, 2010

ချစ်သူ ရဲ့ အိမ်

ချစ်သူရဲ့အိမ်ကို သွားမယ်ဆိုရင် ချစ်သူရဲ့ စက်ဘီးလေးကို စီးသွားရတတ်ပါသည်။
ဘတ်စ်ကား စီးမယ်ဆိုရင် လမ်းဆုံကနေနှစ်မှတ်တိုင်စာ စီးရမှာပါ။
ဒါပေမယ့် ကျွန်မကတော့ ချစ်သူရဲ့ ဘီးကလေးကိုပဲ စီးချင်တာမို့ချစ်သူကလဲ အလိုလိုက်ကာ အမြဲလိုလိုလာကြိုလေ့ရှိပါသည်။

ချစ်သူရဲ့အိမ်ကို သွားတဲ့လမ်းမှာ အအေးဆိုင်လေး ရှိသည်။
အော်ကွေ့ကြည်ဆိုင်ရှိသည်။
"ထောပတ်သီးဖျော်ရည်သောက်မလား..အော်ကွေ့ကြည်စားမလား.."
သူအမြဲမေးနေကျမေးခွန်းလေး...။

သူ့အိမ်နားမှာ ရထားသံလမ်းလေးရှိသည်။ ကုန်းကျော်တံတားတစ်ခု ရှိသည်။ပျံကျဈေးတန်းလေးရှိသည်။ အထက်တန်းကျောင်းတစ်ကျောင်းရှိသည်။အရက်ဆိုင်လဲရှိသည်။
နောက် ရေခဲစက်တစ်ခု ရှိသည်။
နောက်ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသည်။
သူ့အိမ်ကို လမ်းဆုံကနေ ဆိုက်ကားနဲ့သွားမယ်ဆိုရင် ၃၀၀ လောက်တော့ပေးရပါသည်။
(အဲဒါ သူ့အိမ်ကို ကျွန်မတိုင်းတာသည့် ခရီးအကွာအဝေးတိုင်းတာချက်ဖြစ်သည်။)

အမြဲတမ်း ခေတ်ဆန်ဆန် ၀တ်စားနေထိုင်တတ်သည့် ကျွန်မက အရက်ဆိုင်တွေကြား.. ပျံကျဈေးနား ကုန်းတံတားအောက်ကနေ ဖြတ်ပြီး သူ့ဆီလာရတာကို သူကျေနပ်ပုံမရပေမယ့် ကျွန်မ ကိုဘာမှ မချုပ်ချယ်ပဲ သူကချည်းလာကြိုလေ့ရှိပါသည်။
"ဒီပုံစံနဲ့ နွေနွေတစ်ယောက်ထဲ မလာပါနဲ့..ကိုယ်လာကြိုပါ့မယ်.."
လို့ပဲ သူပြောလေ့ရှိပါသည်။

ချစ်သူအိမ်ကိုအသွား လမ်းမှာ ချိုင့်ခွက်တွေကို သူ့ဘီးလေး နင်းမိတိုင်း သူ့နောက်ကျောကို ယောင်ယမ်းပြီးဖက်လိုက်မိတဲ့အခါဖြစ်ရတဲ့ရှက်ကိုးရှက်ကန်း ကြည်နူးမှုကလဲ ဘာနဲ့မှကိုမတူပါဘူး။

ချစ်သူ့အိမ်မှာတော့ သူ့မေမေရှိသည်။
သူ့ညီလေး နှစ်ယောက်ရှိသည်။
သူ့ဖေဖေကတော့ အိမ်အလုပ်တွေ အမြဲပဲရှုပ်နေတတ်ပါသည်။


ကျွန်မရောက်သွားရင် ဘာစကားမှ သိပ်မပြောဖြစ်ကြပေမယ့် သူ့ဖေဖေက ထမင်းဟင်းတွေပိုချက်ထားလေ့ရှိပြီှး သူ့မေမေကတော့ ကျွန်မတို့ စာကျက်နေချိန်ဆို သူ့ညီလေးတွေကို တိတ်တဆိတ်နေရန်ပြောသံကိုကြားရလေ့ရှိပါသည်။

သူ့မေမေက သားတွေကိုတော်တော်ချစ်ပုံလဲရသည်။စည်းစနစ်လဲကြီးသည်။
သောကြာနေ့က သူကျောင်းကိုဝတ်လာသော ရှပ်အကျီ င်္ကို စနေနေ့တွင် သန့်ရှင်းဖြူဖွေးစွာလျှော်ဖွပ် မီးပူတိုက်ထားပြီးသား ဖြစ်နေတာကိုတွေ့ရသည်။
"သားတွေကို အ၀တ်လျှော် မီးပူတိုက် အန်တီက အကုန်သင်ပေးထားတယ်..ခိုင်းချင်လို့မဟုတ်ပါဘူး နေတတ်စေချင်လို့ပါ.."
သူ့မေမေပြောတာ တကယ်ပါ။သူမကိုယ်တိုင်ပဲ လျှော်ဖွပ်မီးပူတိုက်ပါသည်။ဒါပေမယ့် သူတို့ ညီအစ်ကိုတွေကလဲ အသန့်ကြိုက်ကာ သပ်ရပ်စွာနေတတ်ကြပါသည်..။နောက်ပြီး သူ့စိတ်ဓါတ်ကောင်းလေးတစ်ချို့က သူ့မေမေ၏ဆုံးမမှုအရိပ်တွေဖြစ်ကြောင်းသိလာတဲ့အခါ
ဲ ချစ်သူရဲ့မေမေက တော်လိုက်တာ လို့ လဲ ကျွန်မတွေးတောကျေနပ်မိပြန်သေးသည်။

ချစ်သူရဲ့အိမ်အပေါ်ထပ်က စာကြည့်စားပွဲလေး ဘေးမှာ ဂစ်တာလေး ထောင်လျှက်သား တွေ့ရင်တော့ ကျွန်မစိတ်ကောက်ပါသည်။
"စာမကျက်ဘူးလား စာမေးပွဲနီးနေတာကို"
သူက ပြုံးစိစိနှင့် Relax လေ လို့ပြောလိုက်ရင် ကျွန်မ စိတ်ဆက်မကောက်တော့ပါ။
သူက ဘယ်အချိန်မှာ ဘာလုပ်သင့်လဲ ကျွန်မ ပြောစရာမလိုပဲ သိသူပဲ..။ထပ်စိတ်ကောက်ရန်မလိုပါ။

ချစ်သူက တစ်ခါတစ်လေ ကျောင်းမှာ အတန်းလစ်ပြီး ခြင်းခတ်ချင်ခတ်နေတတ်သည်။
ရုပ်ရှင်သွားကြည့်ရန် ကျွန်မကိုအဖော်ညှိချင်ညှိမည်။
ကျူရှင်မှာ ဆရာမ မလာခင် ဖဲရိုက်ချင်ရိုက်မည်။
တစ်ခါတစ်လေ ဆို ဘုရားကြီးနားမှာ ထန်းရည်တောင်သွားသောက်တတ်သေးသည်။
သူငယ်ချင်းတစ်ယောက်ယောက်မွေးနေ့မှာ အပြင်ထွက်လည်ဖို့မပျက်ကွက်တတ်သူ။

ဒါပေမယ့် ကျောင်းစာနဲ့ပတ်သက်ရင်တော့ဘယ်တုန်းကမှ မလစ်ဟင်းခဲ့တာလဲ သူပါပဲ။
ဆရာဆရာမတွေကို ကွယ်ရာက တစ်ခါတစ်ရံဟာသလုပ်နောက်ပြောင်တတ်ပေမယ့် စိတ်ထဲမှာတော့တကယ်လေးစားတတ်သူ..။
စိတ်တိုစိတ်ဆတ်တတ်ပြီး သူများကို ဘုဂလန့်ပြန်ပြောချင်ပြောတတ်ပေမယ့် အငြိုးအတေးမထားတတ်သူ..။

ကျွန်မ က ချစ်သူရဲ့ အကြောင်းကို ကောင်းကောင်းသိတာပေါ့။

ချစ်သူရဲ့အိမ်ကို ကျွန်မ မကြာခဏရောက်ပါသည်။
အလှူအတန်းတွေမှာလဲရောက်ဖူးသည်။
သာရေး ရော နာရေးပါ ကြုံဖူးသည်။
သူပဉ္စင်းတက်ချိန်မှာလဲ ကျွန်မ ဆွမ်းသွားကပ်ဖူးသည်။
သူ့အိမ်ဝရန်တာလေးမှာ စာကျက်ဖူးသည်။
သူ့အိမ်က ဂိမ်းဆိုင်လေးမှာ သူနဲ့တူတူ ဆိုင်ထိုင်ဖူးသည်။
သူ့အိမ်ရှေ့က သစ်ပင်တန်းလေးတွေနားမှာ သူနဲ့တူတူ လေတံခွန် လွှတ်ဖူးသေးသည်။
သူ့အိမ်မှာ သူတီးနေကျဂစ်တာသံလေးကို ကျွန်မ ခဏခဏ နားဆင်ဖူးသည်။
သူ့အိမ်ကိုလာတဲ့ သူဆွေမျိုးတွေကလဲ ကျွန်မကိုသူ့ချစ်သူမှန်းသိကြပြန်သေးသည်..။

တစ်ခါကဆို ချစ်သူရဲ့မေမေ နဲ့အတူ ရုပ်ရှင်ဗီဒီယိုဇာတ်လမ်းလေး တစ်ခုတောင် တူတူ ထိုင်ကြည့်ခဲ့ဖူးပါသည်။


ကျွန်မတို့ချင်း အင်မတန်ချစ်ခင်ရင်းနှင်္ီးခဲ့ကြောင်း ချစ်သူရဲ့အိမ်ကို မရောက်တာ နှစ်တွေကြာလာလေ ကျွန်မသိလေလေ...။
ချစ်သူရဲ့အိမ်ကလေးတော့ ခုအချိန်အထိ.ရန်ကုန်မြို့က.သမိုင်းလမ်းဆုံ ကုန်းကျော်တံတားဘေးနားလေးမှာ ခေါင်မိုးပြာပြာလေးနဲ့ ရှိနေမှာပေါ့။
ကျွန်မ လမ်းကြုံလို့ဝင်နှုတ်ဆက်တဲ့အခါ ..
ချစ်သူရဲ့မေမေက တံခါးလာဖွင့်ပေးမှာလား..။
ချစ်သူရဲ့ ဇနီးက တံခါး လာဖွင့်ပေးမှာလား..

သေချာမသိသေးသမျှ ချစ်သူရဲ့ အိမ်ကို ကျွန်မမသွားသေးပါ..။

3 comments:

  1. ကြည့်မြင်တိုင်နဲ့စမ်းချောင်းကြားက ကုန်းကျော်တံတားလေးကို မြင်မိတယ်
    ဌာနလမ်းထိပ်က အကြော်ဆိုင်
    သံလမ်းအကျော်က ဒိန်ချဉ်တို့ကို သတိရမိစေပါတယ်

    မောင်ကိုကို

    ReplyDelete
  2. လွမ်းသုရင်June 30, 2010 at 6:54 AM

    ရင်ဘတ်နဲ့ရင်းပြီး ရေးသလား...
    မျက်စိထဲမြင်တာတွေ မှတ်ပြီး ရေးသလား... နင် ဘယ်လိုရေးမှန်းတော့ ငါမသိဘူး သူငယ်ချင်း။ ဒါပေမယ့် အစအဆုံး ငါ့မျက်လုံးထဲမှာ အကုန်မြင်သလို ရင်ထဲလည်း စူးကနဲရောက်သွားတယ်။

    ReplyDelete
  3. ကောင်းတယ် နောက်ဆုံးစာကြောင်းလေးနဲ့ ပိတ်ထားတာ

    ReplyDelete