Sunday, June 27, 2010

တောင်ပံတွေနဲ့ပုံပြင်

အခုတလော...
တောင်ပံတွေအကြောင်းနဲ့တော်တော် တိုက်ဆိုင်နေတယ်..။နားထောင်လိုက်သမျှ သီချင်းတွေထဲမှာ ၊ဖတ်လက်စ ၀တ္ထုတွေထဲမှာ ..ပြောဖြစ်တဲ့ စကားတွေထဲမှာ ..တွေးနေတဲ့ အတွေးတွေထဲမှာ ..“တောင်ပံတွေ” ဆိုတဲ့ စကားလုံးတွေ ပါ ပါနေတာကို သတိထားမိလာတယ်..။

(၁)မျိုးကျော့မြိုင်ရဲ့ အတောင်ပံ
အတောင်ပံတွေကို လွှင့်လို့ရယ် ..
ဝေဟင်ပေါ်ကို ပြေးထွက်မယ်..
တောင်တွေကျော်တာ မိုးသားထဲ ..အိုး ...ကိုယ်လေရှာမယ် အတွေးညအလယ်..
အတောင်ပံတွေကို လွှင့်လို့ရယ်
ကိုယ်နေချင်တာ မင်းအနားပဲ
ကြယ်တွေစုံကာ ညရဲ့အလယ်...အိုး မမြင်နိုင်မှာကို စိုးမိတယ်...

တောင်ပံဆိုတာ ဆန္ဒ တစ်ခုလား...။
ဒါက ဒီသီချင်းထဲက တောင်ပံတွေရဲ့ အင်အား..။

(၂) ဂျူး ရဲ့အတောင်ပံတွေအကြောင်း

ဆရာမ ဂျူး ရဲ့ စောင့်နေမယ်လို့မပြောလိုက်ဘူး ဆိုတဲ့ ၀တ္ထုလေးကို မနေ့က စဖတ်မိပါတယ်။
ဝတ္ထုထဲမှာ လူငယ်တွေအတွက် ကြိုးစားလိုစိတ်နဲ့ အားအင်သတ္တိကို တောင်ပံတွေနဲ့ ခိုင်းနှိုင်းပြီး ရေးထားခဲ့ပါတယ်။(တကယ်တော့ ၀တ္ထု အသွားက ဒီထက်ပိုကျယ်ပြန့်ပါတယ်)

တစ်ခါတုန်းက မြစ်ကမ်းနံဘေးက မြို့သေးသေးလေးတစ်ခုမှာ မွေးဖွားလာတဲ့ကမ္ဘာကျော်စာရေးဆရာမကြီးတစ်ယောက်ရှိတယ်.။ကလေးဘ၀မှာတော့ မြစ်ဘေးမှာ သွားသွားထိုင်ရင်း အဝေးကြီးကိုသွားချင်စိတ်နဲ့ အိပ်မက်တွေအများကြီးမက်ခဲ့သူတွေပေါ့။သူက ပြောဖူးတယ်။

“ကျောင်းနေလို့ စာတွေဖတ်လာတဲ့အခါမှာတော့ ကျွန်မမှာ အတောင်ပံတွေပါလာခဲ့တယ်ဆိုတာ သိသွားပါတယ်တဲ့”
“အဝေးတစ်နေရာ ကိုယ်ရောက်နိုင်လိမ့်မယ်လို့မထင်ရဲတဲ့ အမြင့်တစ်နေရာကို ကျွန်မတို့ ရောက်အောင်သွားဖို့လိုအပ်တဲ့ဥာဏ်ပညာတွေလေ့လာတတ်မြောက်အောင် ကျွန်မတို့မှာ တွေးခေါ်မျှော်မြင်တတ်တဲ့ ဦးဏှောက်တွေပါလာပါတယ်”

တစ်ခန်းလုံး ငြိမ်သက်သွားတယ်။ကျွန်မကတော့ သင်ပုန်းကြီးပေါ်မှာ ရေးထားတဲ့ ကျွန်မ မနက်ဖန်မှာပျံသန်းနိုင်လိမ့်မယ် ဆိုတဲ့ စာကြောင်းကို ငေးပြီး ရင်ခုန်နေမိပါတယ်။

ဒါဖြင့် တောင်ပံဆိုတာ ဥာဏ်ပညာပေါ့.။
ဒါက ဒီဝတ္ထုထဲက တောင်ပံတွေရဲ့အဓိပ္ပါယ်..။

(၃) Westlife ရဲ့ Flying Without Wings
လူတိုင်းက တစ်စုံတစ်ခုကို ရှာဖွေတယ် ..အဲဒါက အရာအားလုံးကို ပြည့်စုံစေတာမျိုး..။
အထူးဆန်းဆုံးနေရာတိုင်းမှာ မင်းရှာဖွေတယ်..မဖြစ်နိုင်ဘူးလို့ထင်တဲ့နေရာတွေမှာ မင်းရှာတယ်..။
တစ်ချို့က သူတို့ရဲ့ကလေးလေးတွေ မျက်နှာပေါ်မှာ ရှာတယ်..တစ်ချို့က ချစ်သူ့မျက်ဝန်းတွေထဲမှာ ရှာတယ်..။
ဘယ်သူက ပျော်ရွှင်မှုကို သယ်ဆောင်လာတာကို ငြင်းနိုင်မှာလဲ..
အဲဒါဟာ တကယ်အရေးပါတဲ့ အရာတစ်ခု ဖြစ်နေမှန်းသိတဲ့အခါ..

မင်းက တောင်ပံမလိုပဲ ပျံသန်းနေတာပါ..။

တစ်ချို့က မနက်ခင်းတွေကို အတူ မျှဝေကြ..တစ်ချို့က တစ်ကိုယ်ရေတစ်ကိုယ်ယ အထီးကျန်နေကြရတယ်..။
တခြားသူဆိုတဲ့ ဝေါဟာရကို မင်းရှာကြည့်စမ်းပါ...။
မင်းကို ရယ်စေ ငိုစေမယ့် အရိုးရှင်းဆုံး လမ်းလား...အရင်းနှီးဆုံး ခင်မင်မှုဆိုတဲ့စကားလုံးကနေ မင်း ရှာကြည့်လိုက်ပါ။
မင်းရဲ့ချစ်မြတ်နိုးမှုဟာ မင်းဘ၀ပေါ့.။ ဒါ့အပြင် ဘယ်လောက် အဓိပ္ပါယ်အလေးနက်တယ် ဆိုတာပါ မင်းသိလိမ့်မယ်။ထူးခြားတာကို တွေ့ပြီလား ..။


မင်းက တောင်ပံမလိုပဲ ပျံသန်းနေတာပါ..။

ဒီတော့ မဖြစ်နိုင်ဘူး ထင်တာတွေနဲ့ မင်းကတော့ မင်းအိပ်မက်တွေအတွက် တိုက်ခိုက်ခဲ့တယ်.။
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူသိမှာလဲ ..ဘယ်အရာက မင်းကိုပြည့်စုံစေတယ် ဆိုတာ..။


ငါ့အတွက်ကတော့..

မင်းမျက်နှာပေါ်မှာ နံနက်ခင်း နေရောင်ခြည်ကျနေတာကိုကြည့်ဖို့
မင်းကို ဘယ်လောက်ချစ်ကြောင်း ငါပြောနိုင်တယ်ဆိုတာသိဖို့
မင်းဘေးနားကနေ နိုးထလာရခြင်းပါ
ဘယ်နေရာ ဘယ်အချိန်မှာမဆို ငါသိတာနည်းနည်းလေးတော့ရှိတယ်..။
အဲဒါက မင်းကို ဘယ်လို ပိုင်ဆိုင်အောင် လုပ်ရမလဲ ဆိုတာ

ဒါကလဲ တောင်ပံမပါပဲ ပျံသန်းနေတာပါပဲ..။
ဘာဖြစ်လို့လဲဆိုတော့ မင်းက ငါ့အတွက် အဖိုးတန် အရေးပါတဲ့ အရာ မို့လို့ပါ။
တောင်ပံမပါပဲ ငါပျံသန်းနေတယ်..။

မင်းဟာ ငါ့ဘ၀ရဲ့ အစ ..့ပြီးတော့ငါ့ဘ၀ရဲ့အဆုံး .
တောင်ပံမပါပဲ ငါပျံသန်းနေတယ်..။

့ပြီးတော့ ပျော်ရွှင်ခြင်းတွေကို မင်းသယ်လာတယ်။
တောင်ပံမပါပဲ ငါပျံသန်းနေတယ်..။

သူရဲ့ ပျံသန်းနိုင်စွမ်းက သူ့ချစ်သူဆီက ရတယ်တဲ့..
သူ့အတွက်တော့ တောင်ပံဆိုတာ အချစ်ပေါ့..။
ဒါက Westlife ကပြောတဲ့ တောင်ပံတွေနဲ့တူတဲ့အချစ်အကြောင်း..။

(၄) လွန်းထားထားရဲ့ အတောင်ပံ

ခုလေးတင် လွန်းထားထား ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ဖတ်မိပါတယ်။
ဇာတ်လမ်းက ရိုးရိုးလေးပါ.။ကိုယ့်အပေါ်အလွန်ချစ်ယောင်ပြတတ်သော ခင်ပွန်း၏သစ္စာတရားကို စမ်းသပ်ချင်စိတ်နဲ့ တခြားမိန်းမ အယောင်ဆောင်ကာ သိမ်းသွင်းကြည့်တဲ့ အကြောင်းလေး ဖြစ်ပါတယ်။
ဇာတ်လမ်းလေးကို ဖတ်ကြည့်ရင်း ကျွန်မ ရယ်မိပြုံးမိသေးတယ်။
ဩော် အတောင်ပံဆိုတာ ယောင်္ကျားတွေမှာလဲ ရှိတာပဲပေါ့..။
ဒါပေမယ့် သူတို့ရဲ့ အတောင်ပံဆိုတာက ...တစ်မျိုး..။

သူက မေ့ခေါင်းကို ဖွဖွသပ်ရင်း ချော့မော့နှစ်သိမ့်ကာ မိုးပြာရောင်ရှပ်အကျီ င်္နှင့် ဂျင်းဘောင်းညီနက်ပြာစိုစို ကိုဝတ်ကာ..ဂျဲလ်ဖြင့်ခေါင်းကိုနက်မှောင်ပြောင်လက်နေအောင်ဖီးကာ ထွက်သွားလေသည်။
မေသည် အလိမ်ခံရသည်ကို အသဲဆတ်ဆတ်ခါအောင် နာကျည်းလာလေသည်။တကယ်တော့ မေ မှားခဲ့ခြင်းဖြစ်သည်။ယောင်္ကျားတစ်ယောက်ဆီက သစ္စာရှိမှုနဲ့အချစ်တွေကို မေလောဘတကြီးမျှော်လင့်မိသည်ကိုက မေ့အမှားဖြစ်သည်။ သူထွက်သွားပြီးမကြာခင်မှာ မေသည် မိုးပြာရောင် ၀မ်းဆက်ဝတ်စုံကလေးကို ၀တ်လျှက် လက်ထဲမှာ နှင်းဆီဖြူတစ်ပွင့်ကိုင်လျှက် သမ္မတရုံရှေ့သို့ တက္ကစီနဲ့ ထွက်ခဲ့လေသည်။

မေ့ကိုမြင်သောအခါ ဖြစ်ပျက်သွားမည့် သူရဲ့မျက်နှာကို မေမြင်စမ်းချင်လှသည်။ယောင်္ကျားဆိုတာမျိုးဟာ အတောင်ပံတွေသာ ရှိခဲ့ရင် မိုးအဆုံးမြေအဆုံး ပျံချင်တိုင်းပျံသန်းကြမယ့်သူတွေချည်းပါပဲလေ။

ဒါကတော့ သစ္စာဖောက်ချင်စိတ်ကိုပြောတာပေါ့လေ.။
ဒါက လွန်းထားထားပြောတဲ့ တောင်ပံတွေရဲ့ ဖောက်ပြန်မှု..။

ကဲ ဘယ်လိုပဲပြောပြော “တောင်ပံ” ဆိုတဲ့စကားကို ကျွန်မကတော့ အနှစ်ချုပ်ပြီး အဓိပ္ပါယ်ဖော်လိုက်တဲ့အခါ..
တောင်ပံဆိုတာ ကိုယ့်စိတ်အင်အား ပါပဲ...။
ပြင်းထန်ရင် ပြင်းထန်သလို အားအင်ပေးပြီး ပျံသန်းစေနိုင်တယ်..။
ချစ်သူဆီကို ပြေးသွားချင်တဲ့ စိတ်အင်အားတွေ သိပ်ကြီးလာမလား..ဒါကလဲ တောင်ပံတစ်ခုပါ.။
တိုးတက်မြင့်မားရာတွေဆီ သွားကြမလား... ဥာဏ်ပညာကို အတောင်ပံလိုတပ်ပြီး ပျံသန်းကြမယ်လေ.။
အချစ်ကို နက်နက်နဲနဲ ထိမိ ခံစားမိသွားရင်လဲ တောင်ပံတွေလို အားအင်တစ်ခုရမှာပဲ..။
ဒါမှမဟုတ် မကောင်းမှုတစ်ခုခုကိုလုပ်ချင်စိတ်က သိပ်ကြီးနေရင်လဲ..အဆင်းဘီးတပ်ပြေးလိုက်သလို ဖြစ်ပြီး တောင်ပံတွေ ရရင် ရမှာပေါ့..

ဘာပဲ ဖြစ်ဖြစ်
ကျွန်မကတော့ တောင်ပံတစ်ခုခု လိုချင်ပါတယ်...။

ဟိုး အမြင့်အထိပျံသန်းဖို့.......

အချစ် မဟုတ်ရင်လဲနေပါ..
ဥာဏ်ပညာဖြစ်ရင်လဲ ရပါတယ်..

7 comments:

  1. တောင်ပံများနဲ့ မိုးကောင်းကင်ထဲ......... ဟိုအမြင့်ထိ ပျံသန်းမယ်...

    သီချင်း ရှိသလိုပဲ....စိတ်ဓာတ်အင်အားတွေနဲ့ တောင်ပံတွေကို ဖြန့်ပြီး ပျံသန်းလိုက်စမ်းပါ....အတောင်ညောင်းရင်တော့ ခဏနားပေါ့...း))

    ReplyDelete
  2. ဘာတောင်ပံတပ်ချင်နေသလဲ..

    ပျံချင်ရာပျံ... ကိုယ်ပိုင် စိတ်ထဲကနေတော့ လွတ်အောင် ပျံနိုင်တဲ့သူ ရှားတယ်......

    အဲဒီ ရှားရှားပါးပါးထဲ ရောက်အောင် ပျံနိုင်ပါစေ.....

    မိုးစက်ကြီးကတော့ အတောင်ပံ မရှိဘူးးးး..

    မိုးပေါ်ကနေပဲ ခုန်ချလို့ ရတယ်...

    ReplyDelete
  3. တောင်ပံမရှိလဲ လိုတဲ့နေရာ ရောက်အောင်သွားနိုင်ရမှာပေါ့နော် ..း))
    ရွက်ကုန်သာဖွင့်လိုက်တော့ ..း))

    ReplyDelete
  4. ပျံစေ :P

    ReplyDelete
  5. Your post is so nice that I got to know so many things. Thank you.

    I like the way that is "What I want is what I've got". May be I don't own a wing but I can get something else that makes me fly.

    According to my conviction, Everything is nothing; and I own nothing. :)

    Don't allow others to control and ruin your life.
    Be happy.

    with the best wishes,

    ReplyDelete
  6. လာရောက် လေ့လာ စပ်စု ခေါင်းညိတ် ကြိတ်ပြုံး ဝမ်းသာ ဝေဖန် မှတ်သား လက်ခံသွားပါတယ်။


    ကိုယ်ကတော့ စိတ်ကို အမြဲတမ်းတောင်ပံတပ်ပြီး ရွက်လွင့်တယ်။

    တခါတလေ အတောင်ညောင်းလို့ နားမယ်။

    တခါတလေ အတောင်ရေစိုနေလိမ့်မယ်။

    တခါတလေ ခဲမှန် လေကန်လို့ အတောင်ကျိုးရင်နားမယ်။

    ဒါပေမယ့် တတ်နိုင်သလောက်တော့ အမြင့်ပျံမယ်။



    ညီမကို ချီးအမြဲပေါက်ပြီး မကောင်းတာရွေးပြောတဲ့ အကိုချီးထုပ် :D

    ReplyDelete
  7. တောင်ပံတွေနဲ့ ပျံကြမလား
    တောင်ပံမပါပဲ ပျံကြမလား..

    တောင်ပံတွေက အဓိကလား
    ပျံသန်းခြင်းက အဓိကလား

    တောင်ပံတွေ လိုလို မလိုလိုပေါ့လေ..
    ကိုယ့်မှာ ရှိနေခဲ့တယ်ဆိုရင် မကျိုးအောင်တော့ ထိန်းသိမ်းရမှာပဲ

    Right?

    ReplyDelete